Wednesday, September 26, 2007

တခါတုန်းက-----ရေဆင်းမှာ(၁)

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ တက္ကသိုလ်တက်ရတော့မယ့်၊ ကျွန်တော့်ကို၊ ဖေဖေကကျောင်းအထိလိုက်ပို့ပေးခဲ့တာပါ။ Highwayလမ်းမကြီးကနေ၊ ကျောင်းဝင်းထဲအထိကို၊ လမ်းလျောက်မယ်ဆိုရင်တောင်၊ အဆောင်ကိုရောက်ဖို့ ၁၅ မိနစ်လောက်လျောက်
ရပါတယ်။ အ၀တ်အစားသေတ္တာကြီးကိုထမ်းပီး၊ ၀င်ရမယ်ဆိုရင်တော့၊ တော်တော်မောပီပေါ့။ ဒါနဲ့ ဖေဖေက မြင်းလှည်းတစီးငှားပီး၊ အဆောင်အထိ၊ သွားကြပါတယ်။ မြင်းကြီးကလည်း၊ဘာသန်မာသလဲ၊မမေးနဲ့၊ ငွေတောင်ဆောင် ကို ကျော်ရုံရှိသေး၊ ဟိုက်နေတာနဲ့၊ မြင်းလှည်းပေါ်က ဆင်းပီး၊ မြင်းလှည်းတွန်းပေးခဲ့ရတဲ့ အဖြစ်ရောက်ခဲ့ရပါရော။ မြင်းလှည်းမောင်းသမား၊ ဘယ်သူလဲဆိုတာ ကျွန်တော်
အဲဒီတုန်းက မသိသေးပါဘူး။ အဆောင်ရောက်တော့ မှ၊ ဒီလူဟာ၊ ကျွန်တော်နေရမယ့်၊ သစ်ဆုံဆောင် က စားဖိုမှူး ကိုမြင့်ဆွေလို့သိရပါတယ်။ ဒါနဲ့ သားအဖ ၂ ယောက် သစ်ဆုံဆောင် ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြပါတယ်။ အဆောင်ကို ရောက်တော့၊ အဆောင်မှူးအိမ်ထဲက၊ အီးတီလို အရပ်ပုပြတ်ပြတ် ၊ မျက်နှာလေးထောင့်ကျကျ လူ ၁ယောက်၊ ထွက်လာပါတယ်။ ဒါနဲ့ မြင်းလှည်းဆရာကို သူ ဘယ်သူလဲပေါ့၊ မေးတော့၊ အဆောင်မှူးဦးအောင်ကြည်လို့ သိရပါတယ်။ သူဟာ၊ ကျွန်တော်တွေ့ဖူးသမျှအဆောင်
မှူးတွေထဲမှာ၊ သဘောထားအရိုးဖြောင့်ဆုံးနဲ့၊ အမှန်ကို အမှန်အတိုင်း ပြတ်ပြတ်သားသားပြောတတ်ပီး၊ အဆောင်နေ ကျောင်းသားတွေ
ရဲ့ ချစ်ခင်မှု ကိုခံခဲ့ရတဲ့ အဆောင်မှူး ၁ ယောက်ပါ။ ဒါနဲ့ ဆရာနဲ့ တွေ့ပါတယ်။ ဖေဖေ က၊ ပထမဆုံးမိတ်ဆက်လိုက်ပီး၊ ပီးတော့၊ ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။ ဒီတော့၊ ဆရာက ဘာပြောလဲဆိုတော့၊ ငါဒီအဆောင်ကို၊ အုပ်ချုပ်မှာ ဒါပထမဆုံးဘဲ၊ ပီးတော့၊ ငါအုပ်ချုပ်မယ့် အဆောင်ကို ရောက်လာတဲ့ ကျောင်းသားတွေထဲမှာ၊ မင်းက ပထမဆုံးဘဲတဲ့။ ကဲ၊မင်းကြိုက်တဲ့ အခန်းကိုယူလို့ ပြောတာနဲ့၊ ကျွန်တော်လည်း အဆောင်မှူးအိမ်နဲ့ နီးတဲ့ အဆောင် ရဲ့ အောက်ထပ်က အခန်းတခန်းကယူလိုက်ပါတယ်။ အခန်းထဲမှာ သေတ္တာထားသော့ခတ်ပီး၊ သားအဖ ၂ ယောက်၊ ရေဆင်းစိုက်ပျိုးရေးသုတေသန၊ မှာအလုပ်လုပ်နေတဲ့၊ ကျွန်တော့်အဒေါ့်(မေ့မေ့ညီမ)အိမ်ကို၊ ထွက်ခဲ့ကြပါတယ်။ ညစာစားပီးတော့၊ ကျွန်တော့်အဒေါ်ယောကျာ်း က၊ သူနဲ့သိတဲ့ ဆရာတွေ နဲ့ မိတ်ဆက်ပေးမယ်ဆိုပီး၊ ဆရာတွေ နေတဲ့ အိမ်တွေဘက်ထွက်လာခဲ့ကြပါတယ်။
ဦးလေးက၊ ပထမဆုံး ဆရာဦးသန်းအောင်အိမ်ကို၊ ခေါ်သွားပါတယ်။ ဆရာက တောင်သာမြို့နယ်၊ ဆီမီးကန်ရွာသားပါ။ ဆရာ့အိမ်ကို ရောက်သွားတော့၊တိုက်တိုက်ဆိုင်ဆိုင်ဘဲ၊သစ်ဆုံဆောင်မှာဆရာဦးအောင်ကြည်အရင်၊အဆောင်မှူးလုပ်သွားခဲ့တဲ့၊ဆရာဦးသိန်းဆုပါ
ရောက်နေပါတယ်။ဒါနဲ့ဖေဖေနဲ့ဆရာတို့တွေ၊မိတ်ဆက်စကားပြော၊အာလာပ၊သလာပ၊စကားတွေတော်တော်ကြာကြာပြောပီး၊ကျွန်တော့်ကို သတိရသွားပုံ ရပါတယ်။ ကျွန်တော့်ဘက်လှည့်ပီး၊ ဆရာဦးသိန်းဆုက၊ မင်း၊ ဘယ်အခန်း ရွေးခဲ့လဲလို့မေးပါတယ်။ အဆောင်မှူးအိမ် နဲ့ နီးတဲ့၊ တောင်ဘက်က အဆောင်ရဲ့ ၊ တောင်ဘက် က၊ အောက်ထပ် အခန်း ကိုရွေးခဲ့တယ်လို့ပြောလိုက်ပါတယ်။ အဲဒါနဲ့ ဆရာဦးသိန်းဆု က၊ အဆောင်အကြောင်းကို နည်းနည်းရှင်းပြပါတယ်။ သစ်ဆုံဆောင်မှာ တ၀န်းထဲမှာဘဲ ၂ ဆောင်ရှိပါတယ်။ တောင်ဘက်နဲ့ မြောက်ဘက်ဆောင်ဆိုပီးရှိတာပါ။ မြောက်ဘက်ဆောင်က၊ အဆောင်မှူး အိမ်နဲ့ နဲနဲ လှမ်းပါတယ်။ အဆောင်မှူးအိမ်ထဲကနေကြည့်ရင်၊ သိပ်မမြင်ရပါဘူး။ တောင်ဘက်ဆောင်က၊ အဆောင်မှူးအိမ်နဲ့ တည့်တည့်ဆိုတော့၊ အိမ်ထဲကလှမ်းကြည့်ရင်မြင်နေရတာပါ။ အဆောင်တွေက၊ သစ်သားနဲ့ ဆောက်ထားတဲ့အဆောင်တွေ ဆိုတော့၊ အပေါ်ထပ်က လမ်းလျောက်ရင်၊ အောက်ထပ်မှာ တဒုန်းဒုန်းနဲ့ ခြေသံတွေ ကြားနေရပါတယ်။ ဒါနဲ့ ဆရာဦးသိန်းဆု ကဘယ်လို အကြံပေးလဲဆိုတော့၊ အဆောင်မှူး အိမ်နဲ့ နီးတဲ့ အဆောင်မှာနေ၊ ပီးတော့ အပေါ်ထပ်မှာနေ၊ ပီးတော့၊ hall tutor နဲ့ နီးတဲ့ အခန်းမှာ နေရင်၊ ပိုကောင်းမယ်လို့ အကြံပေးပါတယ်။ ဒါပေမယ့်၊ ညမိုးချုပ်နေပီဆိုတော့၊ အဆောင်ကို၊ မပြန်ချင်တော့တာနဲ့ မနက်မှဘဲ ရွေးတော့မယ်ဆိုပီး၊ စိတ်ကူးထားလိုက်ပါတယ်။

No comments: