Wednesday, February 20, 2008

ကျွန်တော်ငယ်ငယ်----- ကလေးအရွယ်

ကျွန်တော့်မှာအခက်အခဲတွေကြုံလာခဲ့ရင်၊ ဖေဖေ့ရဲ့အတွေး အခေါ်တွေ၊ ဖေဖေငယ်စဉ်တုန်းကကြုံတွေ့ခဲ့ရ တာတွေစဉ်းစားမိရင်၊ ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ခဲ့တာ ချည်းဘဲ။ ဖေဖေကသာမန်လူ၊ အညတတြတယောက်ပါ။ နာမည်ကျော်ကြားလူသိများတဲ့၊ သူတယောက်မဟုတ် ခဲ့ပါဘူး။
ကျွန်တော့်ကိုပွင့်ဖြူမြို့မှာမွေးခဲ့တာတဲ့။ ကလေးဘ၀ကျွန်တော်တို့မမှတ်မိတာတွေ ကို၊ မေမေကပြန်ပြော ပြတတ်ပါတယ်။ ဖေဖေနဲ့မေမေက၊ တောင်သာမြို့နယ်မှာရှိတဲ့ရွာလေး ၂ ရွာမှာမွေးဖွားခဲ့ကြပါတယ်။ မိဘတွေ မွေးဖွားခဲ့တဲ့အဲဒီရွာ လေး ၂ ရွာကို၊ မရောက်ဖြစ်တာတောင်ကြာခဲ့ပါပီ။ ဟိုတုန်းကတော့၊ ကျွန်တော့်အဖိုးအဖွား တွေရှိတော့၊ ပုံမှန်ရောက်ဖြစ်ခဲ့ပေမယ့်၊ အခုတော့မရောက်နိုင်တော့ပါဘူး။ ကျွန်တော့်အဖေရဲ့အဖေ၊ ကျွန်တော် တို့အဖိုးနာမည်က ဦးဘခိုင်တဲ့၊ အဖေရဲ့အမေ၊ ကျွန်တော့်အဖွားနာမည်က၊ ဒေါ်ညို၊ ကျွန်တော်တို့မောင်နှမ တွေ က၊ အဖွားကို အမေ ညိုလို့ခေါ်ကြတယ်၊ ချစ်စနိုးနဲ့ပေါ့။ အဖွားလို့တခါမှမခေါ်ဘူးဘူး။ အဖိုးကိုတော့၊ မြင်တောင် မမြင်ဘူးလိုက်ပါ။ ဂျပန်ခေတ်ပေါ့၊ ကျွန်တော့်အဖေကိုမွေးပီး၊ ၁ နှစ်သားမရောက်ခင်လောက်မှာ၊ အဖိုးကစီးပွား ရှာဖို့ဆိုပီး၊ သူငယ်ချင်းတွေနဲ့အတူ၊ မြို့တက်ပီးကုန်ရောင်းကုန်ဝယ်လုပ်ဖို့အသွား၊ အင်္ဂလိပ်လေယာဉ်ပျံတွေ ကဗုံးကျဲတဲ့အထဲ ပါသွားပီး၊ ဆုံးသွားတာလို့အဖွားရဲ့ညီမ၊ ကျွန်တော်တို့ကိုပြောပြတယ်။ အမေညိုကတော့၊ သူများတွေဘယ် လောက်လောက်ပြောပြော၊ ကျွန်တော့်အဖေ ၅ နှစ်သားလောက်ရောက်တဲ့အထိ၊ အဖေ့ကို ချီပီး၊ အဖိုးပြန်လာနိုး နိုးနဲ့၊ ရွာထိပ်ကသွား သွားစောင့်ခဲ့တယ်တဲ့။
ကျွန်တော်တို့ငယ်ငယ်တုန်းက၊ နွေရာသီကျောင်းပိတ်ရက်ဆိုရင်၊ အမေညိုရှိတဲ့ရွာလေးကိုအမြဲတမ်းရောက် ပါတယ်။ နှစ်တိုင်းပေါ့။ ရွာထဲကိုဝင်လိုက်ရင်၊ မြေနံ့သင်းသင်း၊ တမာနံ့သင်းသင်း၊ နွားချေးနံ့သင်းသင်းရတယ်။ တခါတလေ၊ ခပ်စပ်စပ်လေးမိုးရွာထားတဲ့နေ့ဆိုရင်၊ နွားချေးနဲ့တမာနံ့ နဲ့ရောနေတဲ့အနံ့ရတယ်။ ဒီအနံ့မျိုးဂျပန် မှာမရဘူး။ တခါတလေ၊ ဂျပန်မှာရထားစီးရင်းကျောင်းသွားလို့၊ ရထားပေါ်မှာ၊ ရေမွှေးနံ့ရရင်၊ ကျွန်တော်ကတော့ နွားချေးနဲ့ တမာနဲ့ရောနေတဲ့၊ အနံ့ကိုဘဲသတိရမိတယ်။ အဖွားကိုသတိရလို့ပါ။
နွေရာသီကျောင်းပိတ်လို့ရွာကိုရောက်ရင်၊ အသားတွေကမည်းခြောက်ပီး၊ ခေါင်းလေးတဆတ်ဆတ်တုန်နေ တဲ့၊ အဖွားကိုတွေ့ရတော့၊ ကျွန်တော့်စိတ်ထဲမကောင်း။ ကျွန်တော်တို့နဲ့အတူလာနေပါလို့၊ ပြောပေမယ့်၊ သူမွေး ဖွားခဲ့တဲ့မြေ၊ အဖိုးနေခဲ့တဲ့ရွာလေးကနေ၊ မခွဲနိုင်ခဲ့ဘူး။ ဒါပေမယ့်၊ တခါတလေတော့၊ ကျွန်တော်တို့ဆီလာလည် ပါတယ်။ အဖိုးဆုံးသွားတော့၊ အဖိုးရဲ့လယ်တွေယာတွေကို၊ အဖိုးရဲ့ညီ၊ ကျွန်တော့်အဖွားညီမရဲ့၊ ယောကျာ်းက၊ ဦးစီးပီး လုပ်ပါတယ်။ ရွာကိုရောက်လို့၊ သူများတွေနွားစာရိတ်၊ နွားစာကျွေး၊ ရေခပ်၊ ထင်းခွေ၊ အလုပ်တွေလုပ် နေတာမြင်ရတော့၊ ဖေဖေငယ်ငယ်တုန်းက၊ ဒါတွေလုပ်ခဲ့ရတာပါလားလို့၊ ကျွန်တော်တွေးမိတယ်။ ဒီအလုပ်တွေ လုပ်ရင်းနဲ့၊ ဘွဲ့ရအောင်၊ ပညာတတ်အောင်၊ ဖေဖေလုပ်ခဲ့ရတာပါလားလို့တွေးမိတယ်။ ဖေဖေတို့ငယ်ငယ်တုန်း က၊ ရွာမှာအထက်တန်းကျောင်းမရှိသေးဘူးတဲ့။ မြင်းခြံမှာအထက်တန်းကျောင်းသွားတက်ရတယ်။ ကျောင်းက ပြန်လာရင်၊ ရွာကအလုပ်တွေလုပ်။ ဖေဖေ့မှာညီအရင်း၊ ညီမအရင်းတွေမရှိပေမယ့်၊ အဖိုးလေးကမွေးတဲ့ကလေး တွေက၊ အဖေ့ရဲ့ညီအရင်း၊ ညီမအရင်းတွေလိုဘဲ။ ကျွန်တော်တို့ရဲ့၊ ဦးလေးအရင်း၊ အဒေါ်အရင်းတွေလိုဘဲ၊ ချစ် ကြတယ်။
အမေညိုက၊ ဖေဖေ့ကို၊ လူလေးလို့ခေါ်တယ်။ ကျွန်တော့်ကိုကျတော့၊ ကိုနေတဲ့။ ကိုနေဆိုတာ၊ သူငယ်ချင်း တွေက၊ စပီးခေါ်ခဲ့တာမဟုတ်။ အဖွားက၊ စပီးခေါ်ခဲ့တာပါ။ အဖွားခေါ်ခဲ့တဲ့ကိုနေဆိုတဲ့နာမည်ကိုကြိုက်လို့၊ စိုက် ပျိုးရေးတက္ကသိုလ်ရောက်တော့၊ ဆောင်းပါးတပုဒ်မှာ၊ ကိုနေလို့ပေးလိုက်မိတယ်။ အဲဒါနဲ့သူငယ်ချင်းတွေက ကိုနေဆိုတာ၊ ဘယ်သူလဲမေးရင်း၊ ကျွန်တော်မှန်းသိသွားတော့၊ ကျွန်တော့်ကို၊ ကိုနေလို့ခေါ်ဖြစ်ခဲ့ကြတာပါ။ ထားလိုက်ပါတော့။ အဖွားအကြောင်းဘဲဆက်ပြောပါရစေ။
ဆင်းရဲတဲ့ရွာလေးတရွာမှာ၊ မွေးဖွားခဲ့တဲ့အဖွား၊ ကိုယ်ကိုယ်တိုင်ကပညာမတတ်ပေမယ့်၊ ကိုယ့်သားကို၊ ပညာတတ်တယောက်ဖြစ်အောင်လုပ်ပေးခဲ့တဲ့အဖွား------ အဖွားရဲ့စိတ်ဓါတ်၊ အဖွားရဲ့သတ္တိအံ့မခန်းပါဘိ။ သူ များပြောသမျှ၊အထွန့်တက်လေ့မရှိ။ သူများအကြောင်းမပြော။ ပြောလာရင်၊ စာနာစိတ်နဲ့၊နားထောင်ပေးတတ် တဲ့၊ ကျွန်တော့်အဖွား၊ သူချစ်တဲ့မြေမှာ၊ ခေါင်းမချသွားခဲ့ရပါဘူး။ ကျွန်တော်တို့ရှိတဲ့၊ ရန်ကုန်ကိုလာလည်ရင်း၊ ၁၉၉၀ ခုနှစ်မှာပေါ့၊ ၈၈ အရေးအခင်းတွေဖြစ်ပီးသိပ်မကြာခင်၊ ကျွန်တော် ၁၀တန်းဖြေပီးကာစ၊ အဖွားဆုံးသွား ပါတယ်။ နေ့တိုင်းသတိမရပေမယ့်၊ ကျွန်တော့်မှာအခက်အခဲတွေရှိလာရင်၊ အဖွားကိုပြေးပီး၊ သတိရမိတယ်။ အဖွားအကြောင်းစဉ်းစားမိလိုက်ရင်၊ ကျွန်တော်တို့အခက်အခဲတွေက၊ သာမညပါ။
ဆက်ပါဦးမယ်----------