Thursday, September 27, 2007

တခါတုန်းက------ရေဆင်းမှာ(၂)

မနက် ၁၀ နာရီလောက်ထိုးတော့၊ ဖေဖေနဲ့ အတူ အဆောင်ဘက်ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်လိုချင်တဲ့တောင်ဘက်ဆောင်၊တောင်ဘက်မျက်နှာမူထားတဲ့ဘက် အပေါ်ထပ်က၊ halltutorဘေးကအခန်းမှာနေချင်တဲ့အကြောင်းကိုဆရာ့ကို ပြောတော့၊ ဆရာက၊ အဲဒီအခန်းမှာ၊ ကျောင်းသားတယောက်
ဦးထားပီလို့ဆိုပါတယ်။ အဲဒီကျောင်းသားကို၊ ပြောပီး၊ အတူနေနိုင်မယ်ဆိုရင်၊ နေပါလို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့
ကျွန်တော်လည်း၊ တောင်ဘက်ဆောင်အပေါ်ထပ်ကိုတက်ပီး၊ hall tutor ဘေးကအခန်းကို သွားပါတယ်။ အခန်းထဲမှာ
တောသားလိုလို၊ အသားမဲမဲ၊ ခြေသန်းလေးတွေမှာ၊ အပိုလေးတွေပါတဲ့၊ ကျောင်းသားကိုတွေ့ပါတယ်။ ကျွန်တော့်ထက်
အသက်နဲနဲ ကြီးပုံပေါက်ပါတယ်။ကျွန်တော်က၊ ကျွန်တော့်ကိုယ်ကျွန်တော်၊ ဘယ်သူဖြစ်ကြောင်းမိတ်ဆက်လိုက်ပီး၊ ဒီအခန်းမှာ
အတူနေချင်တယ်လို့ပြောလိုက်ပါတယ်။အဲလိုပြောတော့ သူက ကျွန်တော့်ကို နဲနဲ အကဲခတ်လိုက်ပီး၊ နေချင်ရင်နေလေလို့
ပြောလိုက်တော့၊ ကျွန်တော်လည်းတော်တော်လေးပျော်သွားပါတယ်။ စိုက်ပျိုးရေးတက္ကသိုလ်မှာ၊ ပထမဦးဆုံးသူငယ်ချင်းစရလိုက်လို့ပါ။
သူ့နာမည် က ဆန်းဝင်းပါ။ သူဟာ၊ကျွန်တော်ဘွဲ့ရတဲ့ အထိ အဲဒီအခန်းမှာတလျောက်လုံးနေခဲ့တဲ့၊ ကျွန်တော့်room partner ဖြစ်ခဲ့ပါတယ်။ ခင်မင်ဖို့ အရမ်းကောင်းသူ တယောက်ပါ။ သူ့ကို နောက်ပိုင်းမှာ ခွင် ၁၀၀ ၊ ဆန်းဝင်းလို့၊ သူငယ်ချင်းတွေ က
စပီးနောက်ပီး ခေါ်ကြပါတယ်။ ဒီလို ခေါ်ရတဲ့ အကြောင်းကို၊ နောက်ပိုင်းမှာ ကျွန်တော်ဆက်ပီးရေးပါ့မယ်။
သူကတောင်ကြီးသားပါ။ သူ့ကိုသူ၊ ခွန်ဆန်းဝင်းဆိုပီး လည်းမိတ်ဆက်ပါတယ်။ ကျွန်တော်တို့ ၂ ယောက် သူငယ်ချင်းတွေဖြစ်သွားကြတယ်ပေါ့ဗျာ။
နောက်အဲဒီနေ့မှာဘဲ၊ နယ်စုံ က လာကြတဲ့ တခြားကျောင်းသားတွေလည်းရောက်လာကြပါတယ်။ ကျွန်တော့်ကို သူငယ်ချင်းလည်း
ရပီဘဲ ဆိုပီး၊ ဖေဖေက ရန်ကုန်ကို ပြန်သွားပါတယ်။ ကျွန်တော် တို့နေတဲ့ အခန်းရဲ့ နောက်ဘက် ကျောချင်းကပ် အခန်း ကို၊ နေတဲ့
ကျောင်းသားတွေကတော့၊ မွန်ပြည်နယ်က လာကြတာပါ။ တစ်ယောက်က၊ မုဒုံက-- သူ့နာမည်က ကျော်အောင်နိုင်ပါ။ နောက်တစ်ယောက် က မော်လမြိုင်က၊ သူ့နာမည်က မင်းအောင်သိန်းပါ။ စကားမဆက်ပြောရအုံးမယ်။ ရေဆင်းက အဆောင်တွေရဲ့ အခန်းတွေက တဖက်ခန်း ကစကားပြောတာ တဖက်ခန်းက ကြားနေရပါတယ်။ ဘာလို့လဲဆိုတော့၊ အခန်းနံရံတွေအောက်ပိုင်းမှာ၊
အုတ်နံရံ ခြားနေပေမယ့်၊ အပေါ်ဘက်မှာ သစ်သားတန်းတွေဘဲ ရိုက်ထားပါတယ်။ ဒီတော့ တခန်းခန်းက စကားပြောနေရင်၊ ကျန်တဲ့
ကျောချင်းကပ် အခန်း ၂ ခန်းလောက်က ကြားနေရတာပါ။ ဘေးချင်းကပ်အခန်းတွေ ကအုတ်နံရံတွေ ခြားနေတာမို့လို့ သိပ်မကြားရပါဘူး။ ဒါနဲ့ညနေလောက်ကျတော့၊ ကျောင်းသားတွေတော်တော်များများ (မှတ်မိသလောက် အယောက် ၂၀)လောက် ရောက်လာကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပီး၊ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့ ချစ်စရာ အလေ့အထတခုပါ။ ကိုယ်နဲ့ အခုမှ စပီးသိပေမယ့်၊ သူငယ်ချင်းအဖြစ်ခင်မင်ဖို့ရာ လွယ်ကူလှပါတယ်။
ဒါပေမယ့် မြန်မာတွေ ရဲ့ ဓလေ့စရိုက်အတိုင်း၊ ယောကျာ်းလေး ၄ ၅ ယောက်ထက်ပိုပီး စုမိပီ ဆိုတော့၊ ဟိုအကြောင်း ဒီအကြောင်းပြောရင်း၊ ကျောင်းသား တစ်ယောက် က ၊ တခုခု သွားသောက်ရအောင်ကွာလို့ စပီး စကားခေါ်လိုက်ပါတယ်။ ဒါနဲ့ တယောက် တစ်ပေါက် ၀ိုင်းပီး ၊ ဟိုဟာသောက်ချင်၊ ဒီဟာသောက်ချင်ပြောရင်း ကနေ၊ နောက်ဆုံး သဘောတူညီချက်တခု ရလိုက်ပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း အဲဒါရမယ့်နေရာကို၊ ထွက်လာခဲ့ကြပါတယ်။