Friday, October 5, 2007

Interview Section (1)

ဒီကဏ္ဍမှာ၊ နိုင်ငံခြားရောက်မြန်မာလူငယ်၊ လူရွယ်တွေရဲ့ ဘ၀အတွေ့အကြုံအခြေအနေတွေကို၊ ရေးသားသွားဖို့ ရှိပါတယ်။ ပထမဆုံးအနေနဲ့ NHK ရေဒီယို ဂျပန် မြန်မာ ဌာနမှာ Announcer လုပ်နေတဲ့ မသန်းသန်းခင် ကို၊ သူ့ရဲ့ ဂျပန်နိုင်ငံ မှာ၊ တွေ့ကြုံခဲ့ရတာတွေကို၊ မေးတော့၊ မသန်းသန်းခင် က၊ ဒီလိုပြောပြပါတယ်။ (မှတ်ချက်။ ။ မသန်းသန်းခင် ရဲ့ ခွင့်ပြုချက်ဖြင့်၊ သူရေးသားထားသော၊ စာကို၊ ဖော်ပြပါသည်။ Blogger ရဲ့အတွေးအခေါ်တွေလုံးဝမပါဝင်ပါ။)

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး မင်္ဂလာပါရှင်---
ဂျပန်နိုင်ငံအကြောင်းနဲ့ပတ်သက်ပီး၊ သန်း သိတာလေးတွေ ကို၊ ရေးပေးပါလားဆိုပြီး၊ ပြောလာတာနဲ့ သန်းသိတဲ့အကြောင်းလေးတွေ ပြောပြပေးမယ်နော်။ သန်းက၊ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်လောက်ကစပြီး၊ ဂျပန်မှာ ပညာသင်ရင်း အလုပ်လုပ်ခဲ့ဖူးတယ်လေ။ ပထမဦးဆုံး၊ ဂျပန်ကို၊ ရောက်ခါစက၊ တော်တော်ကြီးစိတ်ညစ်ခဲ့ရတယ်။ ဂျပန်မှာက၊ ဘာပစည်းမဆိုဈေးကြီးလှတယ်။ ကျောင်းလခလည်းဈေးကြီးတယ်။ အိမ်လခ လည်းဈေးကြီးတယ်။ ရထားခ၊ ကားခ၊ ထမင်းဖိုး၊ အ၀တ်အစား၊ အမျိုးမျိုးပေါ့နော်။ ဂျပန်မှာက၊ လူတိုင်းက နိုင်ငံခြားသားဆိုရင်တော်တော် စိတ်ဝင်စားကြတာလေ။ ဒါ့ကြောင့်ရထားစီးတဲ့ အခါတိုင်း ၊ လူတွေက နိုင်ငံခြားဘာသာစကား ပြောနေတဲ့ သူဆိုရင်၊ သေသေချာချာ ကိုကြည့်ကြတာလေ။ ဂျပန်လူမျိုးအချင်းချင်းလည်း၊ ၁ ယောက် နဲ့ ၁ ယောက်၊ အပြိုင်အဆိုင်ဆိုသလိုဘဲ၊ ကောင်းတဲ့ပစည်းတွေကိုင်၊ ဈေးကြီးတဲ့ နာမည်ကြီးတဲ့ အ၀တ်အစား၊ လက်ကိုင်အိတ်၊ ဖိနပ်၊ လက်
ဝတ်လက်စား၊ နာရီ၊ အမျိုးမျိုးကို ၀ယ်ကြ သုံးကြတာလေ။ ဒါ့ကြောင့်၊ ရထားစီးတဲ့ အခါတိုင်း၊ တန်ဖိုးသက်သာတဲ့ အ၀တ်အစား၊ ပစည်းတွေ ၀တ်တဲ့သူဆိုရင်၊ မျက်နှာငယ်ရတယ်။ ဥပမာ၊ သန်းက၊ ဂျပန်က တက္ကသိုလ်ကျောင်းမှာ၊ ကျောင်းတက်နေတုန်းက၊ ကုမ္မဏီတခုမှာ၊ အလုပ်လျောက်ဖို့ သွားခဲ့တယ်။ ကုမ္မဏီပိုင်ရှင်က၊ ချက်ချင်းဘဲ၊ ဒီအ၀တ်အစားမျိုးနဲ့ဆိုရင်၊ သူ့ရဲ့ ကုမ္မဏီမှာအလုပ်မခန့်နိုင်ဘူးလို့ ပြောခဲ့တယ်လေ။
ဂျပန်မှာက၊ ကိုယ်လုပ်ရမယ့်၊ နေရာပေါ်မူတည်ပြီး၊ ၀တ်ခွင့်မရှိတဲ့ အ၀တ်အစားမျိုးဆိုတာရှိတယ်။ ဒီမှာက၊ ကုမ္မဏီတော်တော်များများမှာက၊ အမျိုးသားဆိုရင်၊ Suit နဲ့ ရှပ်အင်္ကျီ၊ Necktile တပ်ရတယ်။ နှုတ်ခမ်းမွှေး အရှည်ထားခွင့်မရှိဘူး။ ဆံပင်အရှည်ထားခွင့် မရှိဘူး။ ဂျင်းဘောင်းဘီနဲ့ အလုပ်တက်ခွင့်မရှိဘူး။ အမျိုးသမီးဆိုရင်၊ အကောင်းဆုံးက စကဒ် နဲ့ Suit ကိုဝတ်ရတယ်။ တချို့ကုမ္မဏီတွေမှာက၊ ဘောင်းဘီရှည်နဲ့ Suit ဆိုရင်လက်ခံတဲ့ နေရာရှိတယ်။ စတော့ကင် (Stocking)၀တ်ရတယ်။ အ၀တ်အစားရဲ့အရောင်က၊ အနက်၊ နက်ပြာ၊ ချောကလက်၊ အသားရောင်တွေကို ၀တ်ရင်ပိုကောင်းတယ်။ သန်းလုပ်ခဲ့တဲ့ကုမ္မဏီမှာ၊ ပိုင်ရှင်က၊ တနင်္လာနေ့ က သောကြာနေ့ထိကို၊ စကဒ်နဲ့ Suit ၀တ်ခိုင်းတယ်။ ဖိနပ်အနက်ရောင်၊ လက်ကိုင်အိတ် အနက်ရောင် ကိုင်ရတယ်။ တနင်္လာနေ့ ကသောကြာနေ့ထိ၊ ၀တ်တဲ့ Suit နဲ့ ဖိနပ်၊ အိတ်တွေဟာ၊ လုံးဝမတူစေရဘူး။ စနေနေ့ ၁ ရက်ဘဲ၊ ဘောင်းဘီရှည်ပေးဝတ်တယ်။ ဒါ့ကြောင့် သန်းက အဲဒီကုမ္မဏီမှာ ၁ နှစ်စာချုပ်နဲ့ အလုပ်လုပ်ခဲ့တာ၊ ရတဲ့လစာအားလုံး၊ အ၀တ်အစားဖိုးနဲ့ လောက်တောင်မလောက်ခဲ့ဘူး။ ပိုင်ရှင်က၊ အလုပ်မ၀င်ခင်နေ့မှာ၊ သူကိုယ်တိုင် သန်းကို၊ ကုမ္မဏီနားမှာ ရှိတဲ့ ဆိုင်ကို ခေါ်သွားပြီး၊ ရုံးတက်မယ့်နေ့မှာ ၀တ်ရမယ့်၊ Suit တွေကို ရွေးပြီးဝယ်ခိုင်းတယ်။ နောက် လကုန်တဲ့အခါတိုင်း၊ သန်းရဲ့ လစာထဲက နှုတ်တယ်။ ဒါ့ကြောင့်၊ မနက် ၉ နာရီ က၊ ညနေ ၆ နာရီအထိ၊ ပင်ပင်ပန်းပန်းလုပ်လို့ ရတဲ့ လစာက၊ ရုံးတက်ဖို့ ၀ယ်ရတဲ့ Suit ဖိုးနဲ့ကုန်သွားတော့တယ်။ ဒါ့ကြောင့် သန်းမှာ၊ စားစရာဝယ်ဖို့ ပိုက်ဆံ မရှိခဲ့ဘူး။ ဒါပေမယ့်၊ ဒီအလုပ်ကို မိတ်ဆက်ပေးတဲ့၊ သန်းရဲ့ ဆရာရဲ့ မျက်နှာကိုထောက်ရတာမို့လို့၊ ပထမ ကတိပေးထားတဲ့ ၁ နှစ်ကိုတော့၊ သည်းခံပြီးကြိုးစားလုပ်ခဲ့ရတာ။ အဲဒီတုန်းက ပင်ပန်းခဲ့တာတွေကတော့၊ ပြောပြရရင်၊ အားလုံးစိတ်မကောင်းဖြစ်ကုန်ကြမှာစိုးလို့၊ မပြောပြတော့ဘူးနော်။ အဲဒီတုန်းကဆိုရင်၊ မနက်တိုင်း
ရုံးကိုမသွားချင်ခဲ့ဘူး။
ဒါပေမယ့် သန်းရဲ့ဖေဖေ က၊ ကိုယ်ပေးထားတဲ့ကတိ ၁ ခုကို၊ သေတဲ့အထိမဖျက်ရဘူး။ ကတိဆိုတာ၊ တည်မှဘဲကောင်းတာ ဆိုပြီးငယ်ငယ်ကလေးထဲက ပြောပြခဲ့တာ။ ဒါ့ကြောင့် တစ်နှစ်ကိုတော့၊ ကြိုးစားခဲ့တာပေါ့။ ၁ နှစ်လည်းပြည့်ရော၊ ပိုင်ရှင်က သဘောကျပြီး၊ လခတွေ အများကြီးတိုးပေးပေမယ့်၊ သန်းက ဆက်မလုပ်ချင်ဘူးဆိုပြီးငြင်းခဲ့တယ်။ အဲဒါကတော့၊ သန်းရဲ့ အတွေ့အကြုံလေးတခုအဖြစ်နဲ့သိမ်းထားချင်လို့ပါ။ ပိုင်ရှင်ကတော့၊ သူက သန်းကို ဒီ ၁နှစ်ထဲမှာ၊ အလုပ်ကိစ အမျိုးမျိုးကိုတတ်အောင်သင်ထားပေးပြီးမှ၊ အလုပ်ကထွက်မယ်ဆိုတော့၊ စိတ်တွေဆိုးပြီး ဆူတော့တာဘဲလေ။
သန်းအနေနဲ့ အလုပ်တခုကို၊ စိတ်ချမ်းချမ်းသာသာနဲ့လုပ်ချင်တာ။ ဒါပေမယ့် ပိုင်ရှင်အမျိုးသမီးက၊ အပျိုကြီးလည်းဖြစ်၊ ဒေါသကလည်းကြီးဆိုတော့၊ နေ့တိုင်းရုံးမှာဆိုရင်၊ ၀န်ထမ်းတိုင်းက၊ ကြောက်ကြောက်လန့်လန့်နဲ့ အလုပ်ကို လုပ်နေရတာ။ ဘယ်တော့ စိတ်ဆိုးပြီးထအော်မလဲဆိုတာကို၊ ရင်တထိတ်ထိတ်နဲ့လေ။ စိတ်ညစ်ဖို့ကောင်းတယ်။ ဂျပန်မှာက၊ အလုပ်ကနေ ထွက်မယ်ဆိုရင်လည်း၊ အနည်းဆုံး ၁ လလောက်ကြိုပြီး အရာရှိဆီမှာ စာတင်ရတယ်။ ဘာ့ကြောင့်မို့၊ ဘယ်တော့ကျရင် အလုပ်ထွက်မယ်ဆိုတဲ့ အကြောင်း၊ ရေးပြီးတော့ပြောပြရတယ်။ သန်းရဲ့အတွေ့အကြုံလေးကို ဖတ်ပြီးတော့၊ ဘယ်လို ခံစားရတယ်ဆိုတာလည်းပြောပြအုံးနော်။ ဒီနေ့ ဒီရက်အထိ၊ သန်းအတွက် ကတော့၊ ဘယ်နေရာမှာ၊ ဘာအလုပ်ကိုဘဲလုပ်လုပ်၊ ဘယ်သူနဲ့ဘဲ တွေ့တွေ့၊ နေ့တိုင်းအတွေ့အကြုံအသစ်လေးတွေ အများကြီးရတယ်။ ပညာလည်းရတယ်လေ။ နောင်လည်းဒီထက်ပိုပြီး၊ လေ့လာရမယ့်ပညာတွေ အများကြီးဘဲကျန်သေးတယ်နော်။ သန်းလည်းကြိုးစားပါ့မယ်။ အားလုံးလည်းကြိုးစားပါနော်။
အားလုံး--- အားလုံး ကို ခင်တတ်တဲ့----

သန်းသန်း
၃၊ ၁၀၊ ၂၀၀၇